ကြို့ပင်ကောက် မတ် ၁၅
မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်း၏ စီစဉ်မှုဖြင့် စားသုံးဆီများသက်သာသောဈေးဖြင့် ဒေသခံပြည်သူများအား ရောင်းချပေးခြင်းကို ကြို့ပင်ကောက်မြို့ ဈေးချိုမြောက်ရပ်ကွက် ရုံးလမ်းရှိ ရွှေဂျိုးဖို ကုန်မျိုးစုံဆိုင်တွင် မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ရောင်းချပေးလျက်ရှိသည်။
ကြို့ပင်ကောက်မြို့ဒေသခံများ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ဝယ်ယူစားသုံးနိုင်ရန် တစ်ပိဿာလျှင် (၆၈၀၀)ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် သုံးပိဿာနှုန်း ရောင်းချပေးလျက်ရှိကြောင်း မြို့ပေါ်တွင်သာမက ကျေးရွာများမှ ဒေသခံများကိုလည်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း တစ်ရက်လျှင် ပိဿာချိန် (၁၁၀)ပါ ဆီပေပါ (၅)လုံး ရောင်းချပေးမည်ဖြစ်ပြီး စုစုပေါင်းဆီပေပါ (၁၅)လုံးရောင်ချပေးရန် ရရှိထားကြောင်း ယမန်နေ့အချိန်အထိ ဆီပေပါ(၄)လုံး ရောင်းချပြီး ဖြစ်ကြောင်း ရွှေဂျိုးဖို ကုန်မျိုးစုံဆိုင်ပိုင်ရှင် ဦးတင်လှထွန်းကပြောသည်။
ဈေးကွက်အတွင်း (Vegetable Oil) ဟင်းသီးဟင်းရွက် ဆီအမျိုးအစားအား တစ်ပိဿာလျှင် ငွေကျပ်(၈၀၀၀)ကျော်၊ ပဲဆီဆုံဆီတစ်ပိဿာလျင် (၉၅၀၀)ကျပ်ခန့်နှင့် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်(၇၆၀၀)နှုန်းဖြင့် ဒေသခံပြည်သူများ ဝယ်ယူစားသုံးနေရသဖြင့် သက်သာသောဈေးနှုန်း ဆီတစ်ပိဿာလျှင် (၆၈၀၀) ကျပ်ဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် တစ်အိမ်ထောင်လျှင် သုံးပိဿာနှုန်း ရောင်းချပေးခြင်းဖြစ်ကြောင်း ယင်းသို့ရောင်းချနေမှုများအား စားသုံးသူရေးရာ ဦးစီးဌာန ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)