ကန့်ဘလူ မတ် ၁၅
ယခုအခါ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမဖမ်းဆီးရေးကာလကို ဧပြီ ၊မေ ၊ဇွန်လ တို့ကို သတ်မှတ်ထားပြီး တားမြစ်ထားသည့် ငါးဖမ်းနည်းများ အသုံးမပြုရန်နှင့် ပညာပေးမှုများ ပြုလုပ်လျက်ရှိကာ ဖမ်းဆီးနေမှုများတွေ့ရှိပါကလည်း ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ့ဂုဏ်ဆောင် ရေနေနို့တိုက်သတ္တဝါဖြစ်သော ဧရာဝတီလင်းပိုင်များနှင့်ငါးမျိုး မသုဉ်းစေရန် အတွက် တားမြစ်ငါးဖမ်းနည်းများဖြင့် မဖမ်းရန် ပညာပေးလျက်ရှိကြောင်း၊ တားမြစ်ငါးဖမ်းနည်း များဖြင့် ငါးဖမ်းပါက ငါးမှုန်၊ ငါးသန်လေးများ သေကြေပျက်စီးပြီး ငါးကြီးများအနေဖြင့်လည်း မျိုးပွားအင်္ဂါများပျက်စီးကာ ရေရှည်စဉ်ဆက်မပြတ် ငါးထုတ်လုပ်မှု လျော့ကျခြင်း ဆိုးကျိုးများ မဖြစ်ပေါ်စေရန်၊ ပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း၊ ရေချိုငါးဖမ်းဥပဒေများအကြောင်း အသိပညာပေးဟောပြောခြင်း၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရေလုပ်သား များနှင့် ပြည်သူများအား လက်ကမ်းစာစောင်များ၊ သတိပေးတားမြစ်စာများ၊ ရေချိုငါးလုပ်ငန်း ဥပဒေစာအုပ်များဖြန့်ဝေပေးခြင်း စသည့်ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကန့်ဘလူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူးဦးမင်းမင်းနိုင်ထံမှ သိရသည်။
တားမြစ်ငါးဖမ်းနည်းဖြစ်သော ဘက်ထရီအိုး၊ အင်ဂျင်စက်များဖြင့် ရှော့တိုက်၍ ငါးဖမ်းဆီးခြင်း များကို စစ်ဆေးတွေ့ရှိပါကလည်း စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေအရ. ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များတွင် ရေချိုငါးလုပ်ငန်းကို သဘာဝရေပြင်၊ မြစ်ရေပြင်များနှင့် ချောင်းများ၊ အင်းအိုင်၊ ဆည်တမံ၊ ဆည်မြောင်းလက်တံ များနှင့် လယ်ကွင်းကန်များအတွင်း လုပ်ကိုင်နေကြပြီး ငါးဖမ်းသူများအား ရှော့တိုက်ငါးဖမ်းခြင်း၊ အဆိပ်ချငါး ဖမ်းခြင်းစသည့် ငါးဖမ်းနည်းများဖြင့် ဖမ်းဆီးခြင်းမပြုကြရန် တားမြစ်ထားသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)