မကွေး မတ် ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် သယံဇာတရေးရာဝန်ကြီး ဦးစိုင်း မြင့်အေးနှင့်အတူ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ရုံးမှ လစဉ်ဆောင်ရွက်နေသည့် မကွေးမြို့ရှိ ကန်သာကန်တွင် ရေကန်အတွင်းရှိ ရေအရည်အသွေး အား(U-50 PC) Multi parameter Water Quality Checker စက်ဖြင့် တိုင်းတာစစ်ဆေးခြင်းနှင့် လေအရည်အသွေးအား Air Quality Monitoring System Haz Scanner - EPAS 918180 စက်ဖြင့် တိုင်းတာခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည် များ မှာကြားခဲ့သည်။
ယခုလို ရေအရည်အသွေးနှင့် လေအရည်အသွေး တိုင်းတာစစ်ဆေးခြင်းဖြင့် ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းသတ်မှတ်ရာတွင် အထောက်အကူဖြစ်စေပြီး၊ မကွေးတိုင်းဒေသကြီး အတွင်း လေနှင့်ရေအရည်အသွေးအား သိရှိနိုင်စေကာ၊ ပြည်သူလူထု၏ ကျန်းမာရေးထိခိုက်မှုကို တတ်နိုင်သမျှ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသူများ အား ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကျန်းမာကြံ့ခိုင်သော လူ့အဖွဲ့အစည်းကို အကောင်အထည်ဖော်ဆောင်နိုင်မှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူရရှိစေမှာ ဖြစ်ကြောင်းနှင့် လေနှင့် ရေအရည်အသွေးဆိုင်ရာ အချက်အလက်များ စနစ်တကျ မှတ်တမ်း ပြုစု ထိန်းသိမ်းထားရှိနိုင်ပြီး လိုအပ်ချက်များရှိပါက ဆက်စပ်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် သွားနိုင်မှာဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက် ၍ ဝန်ထမ်းများအား ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍လည်းကောင်း ဝန်ထမ်းများအနေဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုအပေါ် ဂုဏ်ပြုထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားကာ၊ တိုင်းဒေသကြိီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အမျိုးသားတူညီဝတ်စုံနှင့် အမျိုးသမီး တူညီဝတ်စုံများအား ဝန်ထမ်းတစ်ဦးချင်းထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ