နှာခေါင်းစည်းတပ်ဆင်မှု ရှိ၊ မရှိ စစ်ဆေး၍ အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်

ကျောက်ထု  သြဂုတ် ၃၀

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အဆင့်ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဂန့်ဂေါ- ကျောက်ထု- ဆော- ကန်ပက်လက်လမ်း၊ ပခုက္ကူ- ကျောက်ထု - မင်းတပ်လမ်း၊ လမ်းဆုံဖြစ်သည့် ပန်းဆန်ရွာလမ်းဆုံတွင် ယမန်နေ့ ညနေပိုင်းက ခရီးသွားများ၊ မော်တော်ယာဉ်ဖြင့် သွားလာသူများအား နှာခေါင်းစည်းများ တပ်ဆင်သွားလာခြင်းရှိ၊ မရှိ စစ်ဆေးကြပြီး ပညာပေးဆွေးနွေးကြသည်။

ထို့ပြင် အဆိုပါအဖွဲ့သည် နှာခေါင်းစည်းများ ဒုတိယအကြိမ်အဖြစ် အခမဲ့ဖြန့်ဝေကြကြောင်းနှင့် ယာဉ်စည်းကမ်းအတွက် ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းရှိ၊ မရှိကိုလည်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မောဟေမာန် (ပြန်/ဆက်)