ကောလင်း သြဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်ပန်းခြံထောင့် ရွှေမင်းဝံလမ်းမကြီးတစ်လျှောက်နှင့် လူအများသွားလာရာ မြို့မစျေးထောင့် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်များ၊ ခရီးသည် ယာဉ်များနှင့် အိမ်သုံးယာဉ်များတွင် လိုက်ပါစီးနင်းသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြုကြစေရန် အသိပညာပေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွှေမင်းဝံလမ်းမကြီးတစ်လျှောက်နှင့်မြို့မစျေးထောင့်လမ်းမကြီးတလျှောက်၌ ဖြတ်သန်း သွားလာနေသည့် မော်တော်ယာဉ်များ၌ နှာခေါင်းစည်းတပ်ဆင်မှု မရှိသည့် ပြည်သူများအား နှာခေါင်းစည်း တစ်ခုလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူအသုံးပြုစေခြင်းဖြင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ အပြင်သွားလျှင်စနစ်တကျ နှာခေါင်းစည်းတပ်ဆင်အသုံးပြုစေရေး ပညာပေး လုပ်ငန်းများကို ကောလင်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူငယ်မောင်မယ် ပရဟိတအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများက အသိပညာပေး လုပ်ငန်းကို အရှိန်အဟုန် မြှင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)