ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အရှိန်အဟုန်မပျက် ဆက်လက်စစ်ဆေး

ပခုက္ကူ မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့် အရှိန်အဟုန်မပျက် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ရေးတို့အတွက်  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ မတ်လ ၁၄ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူ ၅၂ ဦး၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ရယူစစ်ဆေးကြရာ အမျိုးသမီးနှစ်ဦးတွင် ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ အတည်ပြုလူနာအား ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်ပိုးတွေ့လူနာသီးသန့်ဆောင် (Isolation Ward)နှင့် မြစ်ခြေတိုက်နယ် ဆေးရုံကြီး၊ ကိုဗစ်ပိုးတွေ့ လူနာသီးသန့်ဆောင် (Isolation Ward)တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။

ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းကို ပခုက္ကူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၏လမ်းညွှန်မှုဖြင့် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဒေသခံစေတနာ့ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုဗစ်ရောဂါစစ်ဆေးလိုသူများအား နှာခေါင်းတို့ပတ်၊အာခေါင်တို့ပတ်ရယူ၍ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်း၊ ကာကွယ်ကုသရေးနှင့် ဆေးထိုးနှံပေးခြင်းစသည့် လုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ ဇွန်လမှစတင်ပြီး အရှိန်အဟုန် မြှင့်ပူးပေါင်းဆောင်ရွက်ကြကြောင်း၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးသူပေါင်း ၁၃၀၆၇ ဦးရှိပြီး ပိုးတွေ့ရှိသူပေါင်း ၁၈၆၃ ဦး၊ သေဆုံးသူပေါင်း ၁၆၀ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံက သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)