မကွေးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် ဂန့်ဂေါခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ဂန့်ဂေါမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်းဆွေနွေး

ဂန့်ဂေါ  ဩဂုတ်  ၃၀

မကွေးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် ဂန့်ဂေါခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ဂန့်ဂေါမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များတို့ မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်း ညှိုနှိုင်းအစည်း အဝေးပွဲကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄  နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက မဲစာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေးနှင့် မဲဆန္ဒရှင်များ၏ ကွက်လပ်ဖြစ်နေသောနေရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ အချိန်မီပြီးစီး ရေးထည့်သွင်း ရှင်းလင်းမှာကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဂန့်ဂေါခရိုင်ဦးစီးမှူး ဦးဝင်းလှိုင်ဦး က ခရိုင်အတွင်းရှိ မဲဆန္ဒရှင်များ၏မှတ်ပုံတင်အမှတ်များ ကွက်လပ်ဖြစ်နေမှုနှင့် ကွက်လပ်ဖြစ်နေသော မဲဆန္ဒရှင်များအား မှတ်ပုံတင်ပြုလုပ်ပေးနေမှုအခြေအနေတို့အားလည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နွယ်နွယ်လွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့က လုပ်ငန်းဆောင်ရွက်မှုများနှင့် မြို့နယ်အတွင်းရှိကျေးရွာများတွင် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများအားတင်ပြကြရာ မကွေးတိုင်း အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက လိုအပ်သည်များပြန်လည်ဖြည့်ဆည်းမှာကြားသွားသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)