တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်ဦး အခြေခံမဲဆန္ဒရှင် စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲ အခမ်းအနား သို့တက်ရောက်

ထားဝယ်     မတ်   ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ ကချမှတ်ထားသောရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် အမှတ်စဉ်(၁)ဖြစ်သောမဲစာရင်း စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အမှတ်စဉ်(၅)ဖြစ်သော အရေးပါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင် ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင်အခြေခံလူဦးရေ ၁၅ သိန်းကျော်ရှိသည့်အနက် ၅ သိန်း ၈ သောင်းကျော်စာရင်း ကောက်ယူပြီး ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းသည် အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ယခင်က ဖြစ်ပေါ်ခဲ့သော အမှားများ၊ အားနည်းချက်များအပေါ် အခြေခံပြီးအကောင်းဆုံး ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက ထုတ်ပြန်ထားသော နည်းလမ်းများအတိုင်း ဂရုတစိုက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် မဲစာရင်းအမှန်ကောက်ယူနိုင်ရေးအတွက် အဓိက ဟာကွက်မရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းသည် ရွေးကောက်ပွဲလုပ်ငန်းတစ်ခုတွင် အချိန်ယူ ဆောင်ရွက်ရပြီး အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်သော ကြောင့်  အလေးအနက်ထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကရှေ့လုပ်ငန်း စဉ်(၅)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ အမှတ်စဉ်(၅) လုပ်ငန်းစဉ်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ  ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား  လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင် စာရင်းများ မှန်ကန်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အိမ်ထောင်စုစာရင်းပုံစံ ( ၆၆/၆ ) အပေါ် အခြေခံပြီး ပြုစုလျက်ရှိကြောင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူးက စာရင်းပြုစု ရေးသွင်းခြင်းဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်အား Power Point ဖြင့်အကျယ် တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အခြေအနေအား ရှင်းလင်းဆွေးနွေး တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး ခြင်းရှေ့ပြေး လုပ်ငန်းစီမံချက်အား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သလို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းများ ရေးသွင်းနေမှုအားကြည်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)