ဘားအံ မတ် ၁၄
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘုရားဖူးခရီးသွားပြည်သူများ နေ့စဉ်ဝင်ထွက် သွားလာနေသော ဘားအံမြို့နယ်၊ နောင်ပလိန်ကျေးရွာအုပ်စု၊ ဣစ္ဆာသယဂူအဝင်လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို မတ်လ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က အဆိုပါလမ်း မုခ်ဦးရှေ့၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်ဦးသိန်းကိုကိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဣစ္ဆာသယ လိုဏ်ဂူသည် ကရင်ပြည်နယ်၏ ထင်ရှားကျော်ကြားသော ထုံးကျောက်တောင် သဘာဝလိုဏ်ဂူများအနက်မှ တစ်ခုဖြစ်ပြီး ခရီးသွားဧည့်သည်များအကြား ရေပန်းစားသည့်ခရီးစဉ် ဒေသတစ်ခုလည်း ဖြစ်ကြောင်း၊ ယခင်လမ်းမရှိခင်က လယ်ကွင်းများကိုဖြတ်သန်းပြီး သွားလာရသည့်အတွက် ခက်ခဲ ခဲ့ကြောင်း၊ ဂူအဝင်လမ်း ၅ ဖာလုံခန့်ကို ဣစ္ဆာသယဂူဆရာတော်၏ ဦးဆောင်မှုဖြင့် ကိုယ်ထူကိုယ်ထဖောက်လုပ်ခဲ့ပြီး ကွန်ကရစ်လမ်း ၂ ဖာလုံခန့်ခင်းခဲ့ကြောင်၊ ကျန်ရှိသည့် ၃ ဖာလုံ ခန့်ကို ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၁၆ ဒသမ ၇၂၁ သန်းဖြင့် Burma Palace ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့ပြီး ယနေ့ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်၏ ခရီးသွားလုပ်ငန်း တိုးတက်ရေးကို အထောက်အကူပြုသောလမ်းတစ်လမ်းဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေကာ ခရီးသွားပြည်သူများအတွက် အဆင့်ပြေချောမွေ့စေမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများကလည်း လမ်းရေရှည် တည်တံ့ကောင်းမွန်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက ဣစ္ဆာသယဂူအဝင်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နောင်ပလိန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားကာ ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များထံသို့ လက်ရောက်ပေးအပ်သည်။
ယင်းနောက် ဣစ္ဆာသယဂူဆရာတော်အရှင်ဆန္ဒာဓိက၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးကာ လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြသည်။
၎င်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကစ္ဆာသယသဘာဝလိုဏ်ဂူဆရာတော်တို့က လမ်းဖွင့်ပွဲတွင် လာရောက်ကပြဖျော်ဖြေသော ပအိုဝ်နှင့်ကရင်ရိုးရာယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဣစ္ဆာသယသဘာဝလိုဏ်ဂူသို့ သွားရောက်၍ ဣစ္ဆာသယဂူ ဆရာတော်အရှင်ဆန္ဒာဓိကအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ဣစ္ဆာသယသဘာဝလိုဏ်ဂူ အဝင်မြေသားလမ်းအား အများပြည်သူသွားလာမှုလွယ်ကူစေရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ဖွင့်လှစ်ပေးခဲ့မှုအပေါ် ဆရာတော်က ပြည်နယ်ဝန်ကြီးချုပ်နှင့် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းတို့ထံ မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)