ကျွန်းစုမြို့အဝင် ဆိပ်ကမ်းမှ ဘုရင့်နောင်လမ်းဆုံအထိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းဆောင်ရွက်

ကျွန်းစု   မတ်   ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် ကျွန်းစုမြို့အဝင်ဆိပ်ကမ်းမှ ဘုရင့်နောင်လမ်းဆုံအထိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို မတ်လ (၁၀) ရက်နေ့က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းသည်  ကျွန်းစုမြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး အရှည် (၂၆၆၅) ပေ၊ အကျယ်(၂၄)ပေ၊ ထု (၃)လက်မရှိ ကတ္တရာ ထပ်ပိုလွှာခင်းခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆လပတ်အတွင်း တိုင်းဒေသကြီး အစိုးရဖွဲ့  ခွင့်ပြုရန်ပုံငွေကျပ် (၈၂၂)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းကို အချိန်မီပြီး နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် လက်ထောက်အင်ဂျင်နီယာ ဦးမိုးဇော်တို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက  ဒေသခံပြည်သူများအနေဖြင့် ဥတုသုံးပါးလုံး လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်သည့်အပြင် မြို့သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပိုမိုလွယ်ကူအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)