ဒေးဒရဲ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေး အန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ် ဦးစီးဌာနရှိ တာဝန်ရှိသူများက ဒေးဒရဲမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေးဒရဲမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ် မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ ရုံးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ အနေဖြင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာ ဆောင်ရွက်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်ဝင်းစိုး၏ ပြောကြားချက်အရ သိရသည်။
ရွှေဒေးသူ