တောင်တွင်းကြီး မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကံလှကျေးရွာတွင် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ဆောင်းနေကြာ စိုက်ခင်းများ စိုက်ပျိုးခဲ့ရာ ယခုအခါရင့်မှဲ့ ပြီဖြစ်သဖြင့် ခူးဆွတ်ရိတ်သိမ်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများမှာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နေကြာကို စီးပွားဖြစ် စိုက်ပျိုး လာလျက်ရှိရာ ယခင်နှစ်ကထက် စိုက်ပျိုးသူများပြားလာကြောင်းနှင့် ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်သီး ညှပ်အပြင် နေကြာတစ်မျိုးတည်း သီးသန့်ဖြင့် ရာသီမရွေး မျိုးစေ့ စျေးနှုန်း သက်သာစွာ ဝယ်ယူစိုက်ပျိုးနိုင်သော သီးနှံဖြစ်၍ မိုးရာသီအပြင် ဆောင်ရာသီတွင်လည်း စိုက်ပျိုးလျှက်ရှိသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးလက်နေ တောင်သူများမှာ မိုးသီးနှံများ သိမ်းဆည်းပြီးချိန် မိမိတို့ လယ်ယာမြေများတွင် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် ဆောင်းနေကြာကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးရာတွင် ဆောင်းနေကြာကို အခြားသီးနှံ များဖြစ်သည့် မြေပဲ၊ ပဲတီစိမ်းတို့နှင့် သီးညှပ် စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးတည်း သီးသန့် တန်းခြား နှစ်ပေ၊ ပင်ကြာ ကိုးလက်မဖြင့် စိုက်ပျိုးကြသည်။ ယင်းတို့ တန်းခြား ပင်ကြာဖြင့် စိုက်ပျိုးသည့် ဆောင်းနေကြာမှာ တစ်ဧကလျှင် မျိုးစေ့ လေးပြည် မှ ငါးပြည်အထိ စိုက်ပျိုးကြပြီး အပင်သက်တမ်းမှာ လေးလကြာ ယခုအခါ ရင့်မှဲ့လာသဖြင့် ရိတ်သိမ်းလျက်ရှိရာ အထွက်နုန်းနဲ့ ဈေးကောင်းရရန် နေကြာစိုက်တောင်သူများ မျှော်လင့်လျက် ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ်မှ ကျေးလက်နေတောင်သူများမှာ ဆောင်းနေကြာကို ဆင်းရွှေကြာ-၂၊ ရေဆင်း-၁ စပ်မျိုး စသည့် မျိုးများ ကို အဓိက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နိုင်ဝင်း(တောင်တွင်းကြီး)