ပခုက္ကူမြို့နယ်တွင် တစ်ပိုင်တစ်နိုင်မာလာကာသီးကို ဥယျာဉ်ခြံစနစ်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ် အမြတ်ငွေ ရရှိ

ပခုက္ကူ မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျတ်တန်းကုန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် မာလာကာသီးကို ဥယျာဉ်ခြံ စနစ်စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ်အမြတ်ငွေရရှိကြောင်း သိရသည်။ 

မာလာကာသီးကို ၁၉၉၇ခုနှစ်ကစတင်ပြီး ဥယျာဉ်ခြံစနစ်ဖြင့် နှစ်ဧကခွဲ စိုက်ပျိုးထားကြောင်း၊ နှစ်စဉ်မာလာကာသီး အပင်သစ်(၂၀) ပင်ခန့် အစားထိုးပြန်လည်စိုက်ပျိုး‌ရပြီး စိုက်ပျိုးထားသော မာလာကာသီးခြံကို ပေါင်းနုတ်၊ မြေဩဇာကျွေးခြင်း၊ ရေလောင်းပေးခြင်း၊ မာလာကာသီးများ ပိုးမကိုက်စေရန် ရေဆေးပေးခြင်း၊ ပလတ်စတစ်၊ သတင်းစာစက္ကူများဖြင့် အိတ်စွတ်ပေးခြင်း စသောလုပ်ငန်းများ ဂရုတစိုက်ဆောင်ရွက် ပေးရကြောင်း၊ မာလာကာသီးမှာ တစ်နှစ်လျှင် ဆောင်းရာသီနှင့် နွေရာသီတို့၌ နှစ်ကြိမ်သီးပြီး အသီးခူးဆွတ် ရောင်းချရကြောင်း၊ ခြံစနစ်ဖြင့် ဂရုတစိုက်ပျိုး လုပ်ကိုင်ထားခြင်းဖြစ်ရာ အလုံးကြီးသည့်အပြင် အသီးချိုသောကြောင့် လက်လီ၊ လက်ကားစနစ်ဖြင့် လာရောက်ဝယ်ယူအားပေးသူ များပြားလျက်ရှိကြောင်း၊ မာလာကာသီး တစ်ပိဿာလျှင် ငွေကျပ်(၁၀၀၀)ခန့် ဖြင့်ရောင်းချရပြီး တစ်နှစ်ပတ်‌လုံး ခူးဆွတ်ရောင်းရငွေမှ ငွေကျပ်သိန်း (၇၀)ခန့် အမြတ် ငွေရရှိကြောင်း၊ မာလာကာသီးခြံနှစ်ဧကခွဲအတွက် အလုပ်သမား (၁၀)ဦးငှားရမ်း လုပ်ကိုင် စေသောကြောင့် လုပ်အားခနှင့်အခြား ရင်းနှီးကုန်ကျစရိတ်ပေါင်း တစ်နှစ်လျှင် ငွေကျပ်(၂၅) သိန်းရှိကြောင်း၊ အခြားစိုက်ပျိုးသည့်အပင်များမှာ ကျွဲကောသီးပင်၊ ကံ့ကော်ပန်း၊စံပယ်ပန်းများဖြစ်ပြီး နှစ်စဉ်အမြတ်ငွေ(၁၀)သိန်းကျော်ရရှိကြောင်း မာလာကာသီး စိုက်ပျိုးလုပ်ကိုင်သူ ဦးအံ့‌ဌေးက ပြောပြသည်။

ပခုက္ကူမြို့နယ်၊ ကျတ်တန်းကုန်းကျေးရွာတွင် မာလာကာသီးအပါအဝင် အထွက်နှုန်းတိုးပြီး ဈေးကွက် ကောင်းမွန်သော စားသုံးသီးနှံများနှင့် ပန်းမျိုးစုံများ စိုက်ပျိုးလုပ်ကိုင်သူ များပြား လျက်ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)