စစ်ကိုင်း မတ် ၁၄
စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရတနာစေတီ ဆင်များရှင်စေတီတော်ကြီးအား သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ ဆရာတော်ဘုရားကြီး ဦးဆောင်ဩဝါဒ လမ်းညွှန်မှုဖြင့် ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ကြီး ပရဝုဏ်ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တင်လှူပူဇော်ပွဲသို့ သီတဂူဆရာတော်ဘုရားကြီး အမှူး ပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြည် ညိုကြကာ ငါးပါးသီလခံယူ ဆောက်တည်၍ မေတ္တာသုတ်တရာတော်များကို နာယူကြည်ညို ခဲ့ကြသည်။
ထို့နောက် ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို တာဝန်ရှိသူများက ဓမ္မဗိမာန်တော်ကြီးအတွင်းမှ မင်္ဂလာမဏ္ဍပ်သို့ ပင့်ဆောင်၍ မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်တည်း အမွှေးနံ့သာများ ပတ်ဖျန်းကာ စေတီတော်အထွဋ်သို့ တင်လှူပူဇော်ခဲ့ကြသည်။
စေတီတော်ကြီးကို ယခင်ရက်များက ရွှေထီတော်ဘုံ(၉)ဆင့်အထိ တင်လှူပူဇော်ထားပြီး ယခုအခါ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ တင်လှူပူဇော်ခဲ့ခြင်းဖြစ်ရာ လာမည့်တပေါင်း လပြည့်နေ့ မတ်လ (၁၆)ရက်နေ့တွင် ဘုရားအနေကဇာတင်ခြင်းနှင့် ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်