ငဖဲ မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မတ်လ ၇ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းသွားရောက်ပြီး ကိုဗစ်-၁၉ကာကွယ်ဆေးများရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် သွားရောက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ငဖဲမြို့နယ်တောင်ပေါ်ဒေသရှိ ကျေးရွာအုပ်စုများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာ၌ မကျန်ရှိစေရေး ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသား များအား စည်းရုံးပြီး ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပြီး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ငဖဲမြို့နယ် တောင်ပေါ်ဒေသ စွန်တက်ကျေးရွာအုပ်စုတွင် (၄၄)ဦး၊ ဂုတ်ကြီးကျေးရွာ အုပ်စုတွင်(၇၆)ဦး၊ လင်းတဲကျေးရွာအုပ်စု တွင်(၁၈၅)ဦး၊ ဘုံးဘောကျေးရွာအုပ်စုတွင် (၁၂၇)ဦးနှင့် ပဘဲကျေးရွာအုပ်စုတွင် (၂၅၁)ဦး စုစုပေါင်း အရှိုချင်းတိုင်းရင်းသား/သူ (၆၈၃)ဦးတို့အား ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။
ဆက်လက်ပြီး ကျေးရွာများအရောက် ကာကွယ်ဆေးထိုးအဖွဲ့ ၃ ဖွဲ့ခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကွင်းဆင်း၍ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)