ကော့သောင်း မတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေး၊ မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မတ်လ ၁၄ရက်နေ့က စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လာမည့် ၂၀၂၃ခုနှစ်၊ သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုလူဦးရေ စာရင်းပုံစ ံ(၆၆/၆)များအား အခြေခံကာပြုစုထားသည့် အခြေခံမဲစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် မြေပြင်လူဦးရေစာရင်းနှင့် ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင် ရွေးကောက်ပွဲအရာရှိ ဦးဖြိုးထက်ကိုက ပြောသည်။
ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု(၂၇ )အုပ်စုရှိ အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်းများ မြေပြင်လူဦးရေစာရင်းနှင့် မှန်ကန်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ ပူးပေါင်းပါဝင်သော အဖွဲ့(၁၀) ဖွဲ့ဖြင့် ရှေ့ပြေးလုပ်ငန်းစီမံချက်အဖြစ် ကွန်ပျူတာနည်းပညာအသုံးပြု၍ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)