ဒေးဒရဲ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ယခင် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)က အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တိုင်းဒေသကြီး မန်နေဂျာ ဦးသိန်းထိုက်က ဒေးဒရဲမြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေသစ်များ ထပ်မံထုတ်ချေးပေးနိုင်ရေးအတွက် စိုက်ပျိုး စရိတ် ချေးငွေဟောင်းများအား အချိန်နှင့်တပြေးညီ ပြန်လည်ပေးသွင်းရန် လိုအပ်ကြောင်း၊ သို့မှသာချေးငွေများ ထပ်မံထုတ်ချေးနိုင်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေ စည်းမျဥ်းများနှင့်အညီ ထုတ်ချေးပေးနိုင်မှာ ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ကျေးရွာအုပ်စု(၉၃) အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာချေးငွေ ဘဏ်အတွင်းရေးမှူးများအနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည်ကောက်ခံရေး လုပ်ငန်းများတွင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားနိုင်ရေးနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ကြောင်း ဆွေးနွေး ပြောကြားခဲ့ရာ တက်ရောက်လာသူများက ချေးငွေစည်းကမ်း သတ်မှတ်ချက်များ၊ ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်နိုင်ရေးကိစ္စများကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေဒေးသူ