ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာများ၌ သောက်သုံးရေရရှိရေး လုပ်ငန်းများဖြစ်သော စက်ရေတွင်းနှင့် မြေသားရေလှောင်ကန်များ တူးဖော်ဆောင်ရွက်ထားရှိ ရာနှုန်းပြည့်ပြီးစီး

ပေါက်ခေါင်း မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌  သောက်သုံးရေအတွက် အခက်အခဲဖြစ်ပေါ်သည့် ကျေးလက်ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ခြောက်လဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေများ၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်နေ ပြည်သူများ၏ သောက်သုံးရေရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ များဖြင့် ဆောင်ရွက်သော မြောက်ကံကလေးကျေးရွာ၊ စက်တုံးကျေးရွာနှင့် ဖလန်ပင်ကျေးရွာ တို့တွင် မြေသားရေကန်များ တူးဖော်ဆောင်ရွက်ပေးခြင်း၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ချောင်းကျိုးကျေးရွာ တွင်းနက်စက်ရေတွင်း တူး‌‌ဖော်ခြင်းနှင့် ဂါလံ ၂၀၀၀ ဆံ့ အုတ်ကန် တည်ဆောက်ခြင်း၊ ဘွဲ့ပင်ကွင်းကျေးရွာနှင့် တောင်ကုန်းကျေးရွာတို့တွင် မြေသားရေလှောင် ကန်များ တူးဖော်ဆောင်ရွက်ပေးခြင်းတို့အပြင် ပြည်ထောင်စုမွမ်းမံရန်ပုံငွေဖြင့် ဂျင်းစိမ်းရွာ မြေသားရေလှောင်ကန် တိုးချဲ့ပြုပြင်ပေးခြင်း တို့ကို ဒီဇင်ဘာ ပထမပတ်မှ စတင်အကောင် အထည်ဖော်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကျေးရွာများရှိ ဒေသခံ ပြည်သူများ၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်