ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေး နယ်လှည့်ကွင်းဆင်း ထိုးနှံပေး

ဟင်္သာတ မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်နှင့် ကျန်ရှိသော ဒေသခံပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်၊ ကျေးရွာများအရောက် နယ်လှည့်ကွင်းဆင်း ထိုးနှံဆောင်ရွက် ပေးလျက်ရှိသည်။ 

ထိုသို့ ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာ ညီညီလွင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့ (၁၄)ဖွဲ့ခွဲ၍ ကွင်းဆင်းထိုးနှံပေးနေကြောင်းသိရပြီး ဆေးထိုးစုရပ်အလိုက် ကာကွယ်ဆေး လာရောက်ထိုးနှံရာ၌ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းအပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် နေ့စဉ် ရပ်ကွက်နှင့် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း ထိုးနှံဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ပထမအကြိမ် ထိုးနှံပြီးသူ (၂၅၈၅၅၂)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ (၁၇၇၀၇၀)ဦး ဖြစ်ကာ ကျန်ရှိသူများကို မြေပြင်တွင် ကွင်းဆင်း၍ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းလွင်ထံမှ သိရသည်။

ကိုဇော်