ဘားအံမြို့၌ ရေဘေးစခန်းများရှိ အိမ်ထောင်စုများ မိမိနေအိမ်သို့ ပြန်လည်နေထိုင်

ဘားအံ      ဩဂုတ်   ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များရှိ အိမ်ထောင်စု များအား ယာယီရေဘေးစခန်းများတွင် နေရာချထားပေးခဲ့ရာ ယမန်နေ့က ရေဘေးစခန်းများရှိ အိမ်ထောင်စုများ မိမိနေအိမ်သို့ ပြန်လည်နေထိုင်ကြသဖြင့် ယာယီရေဘေးစခန်းများ လျော့နည်း သွားကြောင်း သိရသည်။

ဘားအံမြို့သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၀ စင်တီမီတာသို့ ကျော်လွန်ရောက် ရှိခဲ့သည့် ဩဂုတ်လ(၂၄)ရက်နေ့၊ ညနေပိုင်းကစတင်ကာ ယာယီရေဘေးစခန်း(၃)ခု စတင်ဖွင့်လှစ်ပေးခဲ့ ရပြီးနောက် အမြင့်ဆုံး မြစ်ရေချိန်အမှတ်သည် ၈၇၂ စင်တီမီတာအထိရောက်ရှိခဲ့သဖြင့် ဩဂုတ်လ(၂၈)ရက်နေ့ထိ ရွှေယဉ်မျော်စခန်း၊ မိုးလုံလေလုံ အားကစားရုံစခန်း၊ Cyclone Shelter စခန်း၊ လေသာဘုန်းတော်ကြီး ကျောင်းစခန်း၊ အမက(၈) ကျောင်းစခန်း၊ မူလတန်းလွန်၃ကျောင်းစခန်း၊ လှာကမြင်အဆင့်မြင့် အားကစားရုံ၊ အစ္စလာမ်ကျောင်း စုစုပေါင်း ယာယီရေဘေးစခန်း(၈)ခု ဖွင့်လှစ်ထားခဲ့ရကြောင်းသိရသည်။

ရေဝင်ရောက်မှုပြန်လည်ကျဆင်းသွားပြီး ယမန်နေ့ နေ့လည်ပိုင်းက ရေဘေးစခန်းများရှိ အိမ်ထောင်စုများ မိမိ နေအိမ်သို့ ပြန်လည်နေထိုင်ကြသဖြင့် ယာယီရေဘေးစခန်းများ လျော့နည်းသွားခဲ့သဖြင့် မိုးလုံလေလုံ အားကစားရုံ ယာယီရေဘေးစခန်းတွင် အိမ်ထောင်စု(၅၀)ကျော်ခန့်၊ Cyclone Shelter ယာယီရေဘေးစခန်းတွင် အိမ်ထောင်စု (၉၀)ကျော်ခန့်၊ အမက(၈) ကျောင်းယာယီရေဘေးစခန်းတွင် အိမ်ထောင်စု (၂၀)ခန့်သာ ရှိနေကြောင်း သိရသည်။

နေမျိုးလွင်