မြင်းမူမြို့တွင် ဒေသထွက်ဝါများအား ပုံမှန်ဝယ်ယူလျက်ရှိပြီး ဈေးအနည်းငယ် မြင့်တက်

မြင်းမူ မတ်လ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ  ဒေသခံတောင်သူများအနေဖြင့် ယခုနှစ်တွင် ဝါမျိုးစုံဧက (၁၉၅၃၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး   ယမန်နှစ်ထက် ဝါမျိုးစုံ(၁၅)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ယခုအခါဝါများ ကောက်ယူရရှိပြီး    ရောင်းချလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရှိရသည်။

ဝါအမျိုးအစားများအနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁)နှင့် ငွေချည်(၆)မျိုးများကို စိုက်ပျိုးကြရာ အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်းကောင်း  မွန်သည့် ရွှေတောင်(၈)မျိုးကို  အများအပြား စိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါ (၁)ဧကလျှင် ဝါပိသာချိန်(၆၀၀)ခန့်နှင့်  ဖြည့်စွက်ရေထပ်ပေးပြီးစိုက်ပျိုးနိုင်ပါက ဝါပိသာချိန် (၈၀၀)ခန့် ထွက်ရှိနိုင်ကာ  စက်တင်ဘာလမှစ၍ ဝါများကောက်ယူ ရောင်းချရကြောင်း သိရှိရသည်။

ယခင်လများတွင်‌ ကောက်ယူရောင်းချချိန်တွင် အစိုဓါတ်ပါဝင်မှုများကြောင့် ဝါအရည်အသွေး မပြည့်မီသည့်အတွက်  ဝါ(၁)ပိသာ လျှင် ငွေကျပ်(၁၀၀၀) ဈေးသာရောင်းချရသော်လည်း    ယခုချိန်တွင် ဝါ(၁)ပိသာလျှင် ငွေကျပ်(၁၈၀၀)ကျပ် ဈေးဖြင့်ရောင်းချနေ ရကြောင်း ဝါစိုက်တောင်သူ ဦးမောင်စိုးထံမှ သိရရှိရသည်။

အောင်စိုးဖေ(မြင်းမူ)