လှိုင်းဘွဲမြို့နယ် ရွှေဂွန်းတိုက်နယ်၌ဆောင်းမြေပဲအထွက်နှုန်းသိရှိနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း၍ စံကွက်ရိတ်သိမ်း

လှိုင်းဘွဲ  မတ် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းတိုက်နယ်အုပ်စု၌ ဒေသတွင်းဆီဖူလုံမှု တိုးတက်စေရေးအတွက် တောင်သူများက ယင်းတို့၏ လယ်ယာမြေများတွင် ကြိုးစား၍ ဆောင်းမြေပဲကို ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပြီး ယခုအခါ ဆောင်းမြေပဲကို ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ဆောင်းမြေပဲစိုက်ပျိုးကြသော တောင်သူများအနေဖြင့် ရာသီဥတုအခြေအနေများကြောင့် (၁)ဧကအထွက်နှုန်းမှာ အခွံပါမြေပဲအနေဖြင့် တင်း(၆၀) ကျော်သာ ထွက်ရှိကြောင်း၊ဆောင်းမြေပဲမှာ ဥနှုန်းနည်း၍ အထွက်နှုန်းကျသွားခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် မြေပဲအခွံမခွာမီ ချိန်တွယ်ရာတွင် တင်း(၁၀၀)နီးပါး ထွက်ရှိခဲ့ပါကြောင်း၊ လာမည့်နှစ်ဆောင်းရာသီ၌ ပြန်လည်စိုက်ပျိုးရန်နိုင်ရန် မျိုးမြေပဲကိုလည်း ထားရဦးမည်ဖြစ်ကြောင်း ဆောင်းမြေပဲစိုက်ပျို းရသည့် သက်တမ်းမှာ စိုက်ပြီးချိန်မှစ၍ မြေပဲဥနှုတ်ရိတ်သိမ်းပြီးချိန်အထိ (၃)လခွဲနီးပါးကြာမြင့်ကြောင်း ဆောင်းမြေပဲစိုက်ပျိုးကြသော တောင်သူအချို့၏ စိုက်ခင်းများမှာ မြေပဲဥနှုန်းလွန်စွာနည်းပါးသဖြင့် မျိုးမြေပဲပြန်ထားရန်အတွက်ပင် အဆင်မပြေဖြစ်နေရကြောင်း မြေပဲစိုက်တောင်သူများက ရှင်းပြခဲ့သည်။

လှိုင်းဘွဲမြို့နယ်အတွင်း၌ ဆောင်းမြေပဲစိုက်ဧက(၇၄၉၉)ဧက၊ မိုးမြေပဲစိုက်ဧက(၇၉၉)ဧက၊ စုစုပေါင်း မြေပဲစိုက်ဧက(၈၂၉၈)ဧကရှိပြီး၊ တောင်သူများက ဆီထွက်သီးနှံအဖြင့် မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြရာ ဒေသတွင်း ဆီဖူလုံမှုမှာ(၇၃ ဒဿမ ၃၁)ရာခိုင်နှုန်းရှိကြောင်း၊ မြေပဲစိုက်တောင်သူ များ၏ စိုက်ခင်းများကိုကွင်းဆင်း၍ စံကွက်ရိတ်သိမ်းရာတွင် ယခင်နှစ်ကထက် မြေပဲအထွက်နည်းခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးထံမှ သိရသည်။

လင်းသန့်(ပြန်/ဆက်)