လေးမျက်နှာမြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည့် ရှေ့ပြေးလုပ်ငန်းစီမံချက်ဖွင့်ပွဲကျင်းပ

လေးမျက်နှာ မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးတင်ဦးမှ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရာတွင် အမှန်ကန်ဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြ ရန် အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ လေးမျက်နှာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချူပ်ရေးမှူး ဦးကျော်ဇေဝဏ္ဏသူမှ အခြေခံမဲဆန္ဒရှင် စာရင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးပြီး ပြည့်စုံမှန်ကန်သော မဲစာရင်းများရရှိရေး ပြုစုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရေးအတွက် ဥပဒေနှင့် အညီ ပါဝင်ရမည့်သူများ၊ မဲပေး ပိုင်ခွင့်ရှိသူများအားလုံး မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိမနေစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဒေါ်ရွှေရည်ဖြိုးမှ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အငယ်တန်းစာရေး ဦးသူရမင်းထက်မှ လူဦးရေ စာရင်း ရေးသွင်းပုံနည်းလမ်းများကို Power Point ဖြင့် စနစ်တကျ ရှင်းလင်းပြသခဲ့သည်။

အဆိုပါ လုပ်ငန်းအဖွဲ့များအနေဖြင့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈)အုပ်စု လူဦးရေများ၏ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ကွန်ပျူတာနည်းပညာ အသုံးပြု၍ အပြန်အလှန်စစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)