မြို့သစ် မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်မှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဌာနဆိုင် ရာကြီးကြပ်ရေးအဖွဲ့များအား ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် မြို့သစ်မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဆန်းမှ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာ မေးပွဲတွင် အထက(၁) မြို့သစ် ၊ အထက(ခွဲ)မြို့လုလင်၊ အထက ဝါးကြီးအိုင် စုစုပေါင်း စာစစ်ဌာန (၃)ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စာစစ်ဌာန(၃)ခုတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များအား ကျန်းမာရေးစောင့်ရှောက်ကူညီပေးနိုင်ရေး စီစဉ်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့၏ အကူအညီဖြင့် မီးကင်းလှည့်ခြင်း၊ မီးစစ်ဆေးခြင်း၊ စာစစ်ဌာနများတွင် မီးသတ်ဆေးဘူးထားရှိမှု ၊ကျေးရွာများမှ စာမေးပွဲလာရောက်ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ၏လုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ စာမေးပွဲကာလအတွင်း လျှပ်စစ်မီးများ သုံးစွဲနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြီးကြပ် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)