ဟင်္သာတမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စနစ်တကျ မီးသုံးစွဲရေး အသိပေးနှိုးဆော်

ဟင်္သာတ မတ် ၁၄

ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ် တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်နှင့် ကျေးရွာရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသွင်ကိုကို ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်နေ ပြည်သူများအနေဖြင့် လျှပ်စစ်မီးသုံးစွဲခြင်း၊ မီးဖိုမီးအသုံးပြု ခြင်း၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား အသုံးပြုရာတွင် သတိထားသုံးစွဲ၍ စနစ် တကျ  ငြှိမ်းသတ်ရန်၊ လျှပ်စစ်မီး ပြတ်တောက်နေသည့် အချိန်တွင် မီးခလုတ်များအား ဂရုတစိုက်သေချာစွာ ပိတ်ထားရန်၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ရှိပါက မီးသုံးစွဲ ခြင်းများ ရှောင်ကြင်ခိုင်း၍ အပြင်ထွက်လျှင် မိန်းခလုတ်များပိတ်ချ ထားရန်နေအိမ်များအလိုက်၊ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိဆောင်ရွက်ထားရန်၊ မိမိတို့ နေအိမ်ခြံဝင်းအတွင်း အပြင်ရှိ အမှိုက်များအား စနစ်တကျ ရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာသို့ အမြန်အကြောင်းကြား ဆက်သွယ်ကြရန် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။

ဟင်္သာတမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ စည်ပင် သာယာဈေးများ၊ စက်မှုလက်မှု လုပ်ငန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များကို မီးဘေး ကြိုတင်ကာကွယ်ရေး အသိပေးဟောပြောခြင်း၊ စစ်ဆေးခြင်းနှင့်  မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်း သတ်ခြင်းများကိုလည်း လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဇော်-ဟင်္သာတ