မြင်းမူ ဩဂုတ် ၃၀
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်သွားလာသူ ပြည်သူများ မဖြစ်မနေ နှာခေါင်းစည်း(mask)များ တပ်ဆင်သွားလာရေး အသိပညာပေးဆော်ဩခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့အားကစားကွင်း(ယာယီ)ဈေးနေရာတွင် ပြုလုပ်ခဲ့သည်။
မြို့နယ် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ ဦးဆောင်လျက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြတ်သုခ လူမှုကူညီရေး အသင်းဝင်များက၊ ယင်းလမ်းမပေါ်တွင် သွားလာလျက်ရှိကြသည့် ပြည်သူများ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် မောင်းနှင်ဖြတ်သန်းသွားလာကြသူများအား နှာခေါင်းစည်း(mask) များ တပ်ဆင်ရန်ဝေငှပေးခြင်းနှင့် အပြင်ထွက်သွားလာတိုင်း နှာခေါင်းစည်း(mask) တပ်ဆင် သွားလာရေးတို့ အတွက် အသိပေးပြောကြားခြင်းများ စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို ဩဂုတ်လ(၃၁)ရက်ထိဆောင်ရွက်မည်ဖြစ်ပြီး စက်တင်ဘာလ(၁)ရက်နေ့မှ စတင်ကာ နှာခေါင်းစည်း(mask) တပ်ဆင်သွားလာမှု မရှိသူများအား သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရောဂါကာကွယ်ထိန်းချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်ထံမှ သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)