ကြံခင်း မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုရှိစေရန် မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့စည်းပြီး မတ်လ (၁၂) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့ထိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အဖွဲ့များ ခွဲကာ စာရင်းများကို ကွင်းဆင်းကောက်ယူကြကြောင်း သိရသည်။
အဆိုပါစာရင်းကောက်ယူရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များနှင့်အတူ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှုးများ၊ စာရေးများနှင့် ယာအိမ်မှူးများ၊ ဆယ်အိမ်စုမှုးများနှင့် လူမှုရေးအဖွဲ့အစည်းများက နေအိမ်များ၊ သတ်မှတ်စုရပ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးပါက အထောက်အထား (QR) code နံပါတ်ပါ အထောက်အထား ကတ်ပြားများပြသရန်နှင့် ကာကွယ်ဆေး မထိုးရသေးသူပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် နာမည်၊ မှတ်ပုံတင်အမှတ်၊ နေထိုင်ရာလိပ်စာ အပြည့်အစုံဖြင့် သေချာစွာ စိစစ်ပြီး စာရင်းကောက်ယူကြကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၃၅)အုပ်စုရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံ ရသေးသူ ပြည်သူများကို (မတ်လ) အတွင်း အပြီးထိုးနှံ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူးထံက သိရသည်။
မိုးမိုး (ပြန်/ဆက်)