မကွေး မတ် ၁၂
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မိုးကြိုကာလ၌ ဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးဒဏ်ကြောင့် နေအိမ်များထိခိုက်ပျက်စီးမှု လျော့နည်း သက်သာ စေရေးအတွက် ကြံ့ခိုင်မှုအားနည်းသည့် နေအိမ်များအား ရွေးချယ်၍ အားဖြည့် ပြင်ဆင်ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့နယ် သရက်လေးပင်ကျေးရွာနှင့် အင်းကုန်းကျေးရွာများရှိ ကြံ့ခိုင်မှုအားနည်းသည့် နေအိမ်များအား အားဖြည့် ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကြံ့ခိုင်မှုအားနည်းသည့် နေအိမ်များအား အားဖြည့်ပြင်ဆင်ခြင်း ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ လေးပြင်း ဘေးဒဏ်ခံစားခဲ့ရသည့် ကျေးရွာများဖြစ်သည့် မကွေးမြို့နယ် သရက်လေးပင် ကျေးရွာနှင့် အင်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား တွေ့ဆုံ၍ လေပြင်းဘေး ဖြစ်ပေါ်လာပါက လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များ အသိပညာပေး ဟောပြောခဲ့ပြီးနောက် လေဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်များအား နေအိမ် အမိုး/အကာများ၊ ထောက်တန်းများအား အားဖြည့်ပြင်ဆင် လဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးဒဏ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများ၏ နေအိမ်များအား ပြင်ဆင်ဖြည့်ဆည်းခြင်း ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ နှင့်ရပ်မိရပ်ဖများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး သရက်လေးပင်ကျေးရွာရှိ အိမ်ခြေ(၅၀)နှင့် အင်းနက်ကုန်းကျေးရွာရှိ အိမ်ခြေ(၅၀)အား စုစုပေါင်းအိမ်ခြေ(၁၀၀)အား ပြင်ဆင် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)