ဖျာပုံမြို့နယ်၊ အမာမြို့မြန်မာ့ ဆက်သွယ်ရေးနှင့် စာတိုက်လုပ်ငန်းရုံးမြေနေရာများအတွက် လျော်ကြေးငွေပေးအပ်

ဖျာပုံ မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်၊ အမာမြို့အမှတ်(၃)ရပ်ကွက်၊ မြန်မာ့ ဆက်သွယ်ရေးနှင့် မြန်မာ့စာတိုက်လုပ်ငန်း ရုံးအဆောက်အဦအတွက် အသုံးပြုထားပြီး ဖြစ်သော မြေနေရာများအား ကာယကံရှင်များ နစ်နာမှုမရှိစေရန်နှင့် အငြင်းပွားနိုင်သည့် နှုန်းထားများ မဖြစ်စေရန်အတွက် သင့်တင့်မျှတသော နှုန်းထားတို့ဖြင့် မြေယာလျော်ကြေး ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး မြန်မာ့စာတိုက်လုပ်ငန်း လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်ဝင်းက မြေယာလျော်ကြေးငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြေယာလျော်ကြေးငွေများ အားပေးအပ် ရာ တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာ ဒေါ်ဆွေမာက အမာမြို့ ဆက်သွယ်ရေးရုံး မြေနေရာအတွက် မြေပိုင်ရှင် ဒေါ်ညိုညိုဆင့် ပိုင် အမာမြို့၊ အမှတ်(၃) ရပ်ကွက်၊ ကွင်းအမှတ် (၉၂၆)၊ ဦးပိုင်အမှတ် (၄၄)ရှိ မြေဧရိယာ (၀.၇၅)ဧကအတွက် မြေယာ လျော်ကြေးငွေ ကျပ်(၁၆၄၄၀၀၀၀/-) အား ပေးအပ်ပြီး တိုင်းဒေသကြီး မြန်မာ့စာတိုက် လုပ်ငန်း လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်ဝင်းက အမာ​မြို့ စာတိုက်ရုံးမြေနေရာ အတွက် ဒေါ်ညိုညိုဆင့် ပိုင်ဆိုင်သောမြေဧရိယာ (၀. ၂၅)ဧကအတွက် လျော်ကြေးငွေကျပ် (၃၆၄၉၆၈၀)နှင့် ဦးသိန်းဝင်း ပိုင်ဆိုင်သော မြေဧရိယာ (၀. ၂၁) ဧကအတွက် လျော်ကြေးငွေ ကျပ် (၄၁၀၅၉၂၀) တို့အား ကာယကံရှင်များ လက်ဝယ်သို့​ မြေယာလျော်ကြေးငွေများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြေပိုင်ရှင်များ ကိုယ်စားမြေပိုင်ရှင် ဦးသိန်းဝင်းက နိုင်ငံတော်မှ မြေယာလျော်ကြေးငွေ ပြန်လည်ပေးအပ်ခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)