၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား အခြားနည်း (ညှိနှိုင်း)လေလံစနစ်ဖြင့်ရောင်းချ

ကျိုက်လတ်  မတ်   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား အခြားနည်း (ညှိနှိုင်း) စနစ်ဖြင့် လေလံရောင်းချခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က  အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား အခြားနည်း (ညှိနှိုင်း) စနစ်နှင့် ပတ်သက်၍  လေလံရောင်းချရေး ကြီးကြပ်မှုအဖွဲ့မှ လိုအပ်သည်များ မှာကြားဆွေးနွေး ခဲ့သည်။

ထို့နောက် ကျိုက်လတ်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးအောင်သူဝင်းက လေလံရောင်းချခြင်းအတွက် ကြမ်းခင်းဈေးနှင့် လေလံရောင်းချရေး စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး လေလံဆွဲမည့်သူများက လေလံစည်းကမ်းချက်များ နှင့် ပတ်သက်သည့် သိရှိလိုသည်များကို    မေးမြန်းခဲ့ရာ   အမှုဆောင်အရာရှိမှ ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် သားသတ်လုပ်ငန်းလိုင်စင်နှစ်ခု နှင့် အပေါင်လုပ်ငန်းလိုင်စင်နှစ်ခု စုစုပေါင်း    ( ၄ )ခုအား အခြားနည်း(ညှိနှိုင်း) စနစ်ဖြင့် လေလံရောင်းချခဲ့ရာ စုစုပေါင်းလေလံကြေးငွေကျပ် (၁၄၂၅.၂ )သိန်း ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  သိရှိရသည်။

ရီရီမြင့်