မံစီမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ခရိုင်ကြီးကြပ်ရေးအဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

မံစီ မတ် ၁၀

ကချင်ပြည်နယ်၊  ဗန်းမော်ခရိုင်၊  မံစီမြို့နယ်အတွင်းရှိ ပြည်သူများ   ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်ကြီးကြပ်ရေးအဖွဲ့မှ တာဝန် ရှိသူများ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ကြီးကြပ်ရေးအဖွဲ့မှ မံစီမြိုနယ် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဘုန်းမော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ကလည်း ပူးပေါင်းပါဝင်ဆောင်ပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့်ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ရပ်ကွက်ကျေးရွာ ကြီးကြပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လိုအပ်သည်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

မံစီမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ် အဆင့်ကြီးကြပ်မှုအဖွဲ့က မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များကို ပူးပေါင်းကာ ရပ်ကွက်ကျေးရွာ အုပ်စုလိုက် ကြီးကြပ်ရေးအဖွဲ့များ၊ အသိပညာပေးရေးအဖွဲ့များ၊ စာရင်းကောက်ယူပြုစုရေး အဖွဲ့များနှင့် ကာကွယ်ဆေးထိုးနှံမည့် အဖွဲ့များကို စနစ်တကျဖွဲ့စည်း၍ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေ ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)