ပခုက္ကူမြို့နယ်၌ စီပီပြောင်းစိုက် တောင်သူများ ယမန်နှစ်ထက် ဈေးနှုန်းကောင်း၍ ဝင်ငွေပိုမိုရရှိ

ပခုက္ကူ မတ် ၁၁

ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သည့် ကျွန်းများတွင် စိုက်ပျိုးသည့် စီပီပြောင်း (ပြောင်းဖူး)များ မတ်လအတွင်း ရိတ်သိမ်းချွေပြီး ဈေးကွက်အတွင်း ရောက်ရှိလာရာ ယမန်နှစ်ထက်‌ ဈေးနှုန်းကောင်း၍‌ တောင်သူများဝင်‌ ငွေပိုမိုရရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ရေဝင်ရောက်ပြီး‌ ရေကျချိန် စက်တင်ဘာ၊ အောက်တိုဘာလများတွင် စိုက်ပျိုးခဲ့ပြီး ၄ လကျော်ခန့်အကြာတွင် စီပီပြောင်းများ ရိတ်သိမ်း (ပြောင်းဖူးချိုး)ကြပြီး လူအား၊ စက်အားဖြင့် အစေ့ချွေကြကြောင်း၊ သွင်းအားစုအနေဖြင့် တစ်ဧကကျပ် ငါးသိန်းမှ ရှစ်သိန်းခန့်အထိ ကုန်ကျကြောင်း၊ တစ်ဧကအစေ့တင်းတစ်ရာခန့် ထွက်ရှိပြီး ယနေ့ ကာလပေါက်ဈေး အစေ့တစ်တင်းလျှင် တစ်‌သောင်း ခုနစ်‌ထောင် ဝန်းကျင်ရှိသဖြင့် ဈေးနှုန်းသင့်ကြောင်း ယမန်နှစ်က ကျပ်တစ်သောင်း ဝန်းကျင်သာ ရောင်းချရကြောင်း ညောင်ပင်ကျေးရွာမှ တောင်သူ ဦးညီညီက ပြောသည်။

စီပီပြောင်းမှာ ရက် ၁၂၀ ခန့် သက်တမ်းရှိပြီး ရေသုံးကြိမ်ခန့် သွင်းပေးရကြောင်း၊ ထွက်နှုန်း ကောင်းမွန်ရန် မြေဆီအသုံးပြုရကြောင်း သိရသည်။

ကိုဇော်(ဓာတု)