ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဆင်စာဘူးဖေးကျွေးသူများဖြင့် စည်ကား

မင်းဘူး   မတ်   ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းအား ကိုဗစ်-၁၉ရောဂါကြောင့် ယာယီ ပိတ်ထားရာမှ ယခုအခါပြန်ဖွင့်နေပြီဖြစ်ပြီး  ရွှေစက်တော် ဘုရားပွဲတော်ရက်များတွင် ဆင်စာဘူဖေး ကျွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း ဆင်စခန်း တာဝန်ခံများထံမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆင်ကောင်ရေ ၁၁ ကောင်ရှိကာ မြန်မာပြည်အရပ်ရပ်ရှိ ခရီးသွားပြည်သူများ အနေဖြင့် ဆင်စီးပြီး မန်းချောင်းဘေးရှိ သဘာဝရှုခင်းများ အပန်းဖြေ လေ့လာနိုင်ရန်အတွက် ဖွင့်လှစ် ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

အနယ်နယ် အရပ်ရပ်မှ ဆင်ချစ်သူများသည် online မှတစ်ဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းမှုများ ရှိသလို အလှူရှင်များ ကိုယ်တိုင် လာရောက်၍ ကျွေးမွေးလိုသူများအတွက် ဆင်စာများအဖြစ် နေဗီယာမြက်၊ ငှက်ပျောသီး၊ ငှက်ပျောပင်၊ ဖရုံသီး၊ ဖရဲသီး၊ သခွါးသီး၊ သရက်သီး၊ ပျောင်းဖူးများကို ကျွေးမွေးနိုင်ပြီး ဆင်စာများကို ရှာဖွေဝယ်ယူ၍ ကျွေးမွေးရတာကြောင့် အလှူရှင်များမှ တစ်ရက်ကြိုတင်ပြီး အကြောင်းကြား စေချင်ကြောင်းလည်း သိရသည်။

ဆင်ထိန်းသိမ်းရေးစခန်းကို ရွှေစက်တော်ဘုရားအနီး မန်းချောင်းဘေး မြေဧရိယာ ၆၀ ဧကပေါ်တွင် တည်ဆောက်ထားပြီး၊ ကြိုးပြင်ကာကွယ်တောဧက ၅၀ ဧကနှင့် ဆင် စားကျက်မြေ ဧရိယာ ၇၀၀ ဧက သတ်မှတ်ကာ မန်းရွှေစက်တော်ဘုရား မိုင်ကားလမ်းဘေးတွင် ရွှေစက်တော် ပါဒစေတီတော်များနှင့် မိုင်သာ ဝေးကွာတာကြောင့် ဘုရားဖူး လာရောက်ရင်း ဆင်စခန်းသို့ လေ့လာလည်ပတ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆင်စခန်း ၂၂ ခုရှိပြီး မကွေးတိုင်း ဒေသကြီးအတွင်း သစ်ထုတ်ရေး လုပ်ငန်းသုံး ဆင်ကောင်ရေ ၂၀၄ ကောင်ရှိကာ သစ်ထုတ်ရေး လုပ်ငန်းတွေ လျော့ချထားသဖြင့် ဝန်ထမ်းများ အလုပ်အကိုင် အဆင်ပြေစေရေးအတွက် ဆင်စခန်း အခြေပြု ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံ ဦးထက်နိုင်အောင်က ပြောသည်။

ဇေယျာထက်(မင်းဘူး)