ဖျာပုံ မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင် ကာကွယ်နိုင်ရေး လုပ်ငန်းများတွင် ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ကြေညာခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၉)နာရီ အချိန်က Hand Speaker ဖြင့် ဖျာပုံမြို့ လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယခုရက်ပိုင်း ကာလများတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုနှုန်း များပြားလာရာ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး တွေ့ရှိသူများ ရှိနေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် မိမိတွင် ရောဂါပိုးကူစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြပါရန်၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း Mask ကို တပ်ဆင်ပြီးမှ ထွက်ကြရန်၊ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်းစက္ကန့် (၂၀)ကြာ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုလည်း ပြည်သူများ အနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးကြပါရန် Hand Speaker ဖြင့် လိုက်လံ အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)