ပန်းတောင်းမြို့နယ်တွင် နွေစပါး (၁၈၄)ဧက လျာထားပြီး ယနေ့ထိ (၅၂)ဧက စိုက်ပျိုးနိုင်

ပန်းတောင်း  မတ်  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နွေစပါး (၁၈၄)ဧက လျာထားပြီး ယနေ့ထိ (၅၂)ဧကစိုက်ပျိုးနိုင်၍ (၁၈၄)ဧကပြည့်မီအောင် တောင်သူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပန်းတောင်းမြို့နယ်အနေဖြင့် တုံကင်းအုပ်စု၊ နတ်မောက်အုပ်စု၊ ငါးဆယ်ပေးအုပ်စု၊ ကျောက်ဖူးအုပ်စုတို့တွင် ယနေ့ထိ နွေစပါးဧက (၅၂)ဧက စိုက်ပျိုးနိုင်ပြီး ဒီဇင်ဘာ လကုန်ပိုင်းမှစတင်၍ ရတနာတိုး၊ ထိုင်းနှံကောက်၊ ရက်(၁၂၀)စပါးမျိုးများဖြင့် စိုက်ပျိုးကြပြီး၊ (၁၈၄)ဧက ပြည့်မီအောင် နွေစပါးစိုက်ပျိုးတောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စပါးအထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စိုက်နည်းစနစ်မှန်ကန်စေရေး မြေသြဇာစနစ်တကျသုံးစွဲတတ်စေရန်နှင့် ပိုးမွှားကျရောက်မှုမှ ကာကွယ်နှိမ်နှင်းခြင်း နည်းစနစ်အား ကွင်းဝန်ထမ်းများနှင့် လိုက်လံ၍ နည်းပညာပေးဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမြေအနေအထားအရ တစ်ဧကလျှင် နွေစပါးအထွက်နှုန်း တင်း (၈၀)ခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်း ထံမှ သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)