မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတစ်ခုအဖြစ် ကာကွယ်ဆေးများအား အိမ်တိုင်ရာရောက် ကွင်းဆင်းထိုးနှံပေး

မြိုင်    မတ်    ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်(၃)အတွင်းရှိ ကာကွယ်ဆေး လုံးဝထိုးနှံခြင်း မရှိသေးသည့် ဒေသခံပြည်သူများအား အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး‌ ကော်မတီဥက္ကဋ္ဌ ဦးမျိုးသန်းထိုက်က ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့(၃)ဖွဲ့ခွဲကာ မြိုင်မြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဒေသခံပြည်သူများအား ယမန်နေ့မှ ဧပြီလကုန်အတွင်း အပြည့်အဝ ပြီးစီးအောင် ထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းကို ကာကွယ်ဆေး လုံးဝထိုးနှံရခြင်းမရှိသေးသည့်သူများကို ဦးစားပေး၍ အိမ်တိုင်ရာရောက် ကွင်းဆင်းထိုးနှံပေး သွားမည်ဖြစ်ပြီး အခြားကျန်ရှိသည့် ဒေသခံပြည်သူများကို ဆေးထိုးစုရပ်များ အလိုက် သတ်မှတ်ရက်များအတွင်း ပြီးစီးအောင်မြင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖြိုးမွန်ကျော်