ဝေါ မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဝေါ၊ သနပ်ပင်၊ ကဝနှင့် ရန်ကုန်တိုင်း မိုင်(၃၀)စိမ်းလန်းစိုပြည်ရေး စီမံကိန်းအတွင်းရှိ ခရမ်း၊ သုံးခွ မြို့နယ်တို့မှ နွေစပါးစိုက်ဧက ငါးသောင်းကျော်တို့အား ရေလုံလောက်စွာပေးစွမ်းနိုင်ရန်အတွက် မိုးယွန်းကြီးအင်းအတွင်း ရေပိုမိုသိုလှောင်နိုင်ရန်နှင့် ထိုသို့သိုလှောင်ထားချိန်တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့်သော်လည်းကောင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့်သော်လည်းကောင်း ကန်ရေ ရုတ်တရက် မြင့်တက်လာမှုကြောင့် တာရေကျော်ကျိုးပေါက်မှုမှ ကာကွယ်ရန်နှင့် ပိုလျှံလာသော ရေများအားအချိန်မီ ထုတ်လွှတ်နိုင်ရန်ရည်ရွယ်ကာ တည်ဆောက်လျက်ရှိသည့် မိုးယွန်းကြီးရေပိုလွှဲ တည်ဆောက်ရေးလုပ်ငန်းများကို မတ် ၉ ရက် နေ့လယ်ပိုင်းက မြို့နယ်တည်ဆောက်ရေးများ စိစစ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ)က ရေပိုလွှဲတည်ဆောက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်တည်ဆောက်ရေးများ စိစစ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်က မိုးယွန်းကြီးရေပိုလွှဲ တည်ဆောက်နေခြင်း လုပ်ငန်းများကို လှည့်ပတ်ကြည့်ရှု၍ လုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများဖြင့် ဆောက်လုပ်သွားရန်နှင့် သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး ပြောကြားသည်။
အဆိုပါမိုးယွန်းကြီးရေပိုလွှဲဆည်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၉၆၂ ဒသမ ၉၆၀) ဖြင့် သံကူကွန်ကရစ်အမျိုးအစား၊ ရေပိုလွှဲ ၁၁ ပေါက်နှင့် ကြမ်းပြင် အမြင့် ၂၃ ပေ (RL) ကို ပဲခူးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)