အုတ်ဖို မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းတွင် နွေစပါးသီးနှံ ၇၀၄၃ ဧကအထိ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အုတ်ဖိုမြို့နယ်တွင် နွေစပါးကို ဆည်ရေစနစ်ဖြင့် ဒီဇင်ဘာလ၊ တမံပိတ်စနစ်ဖြင့် ဇန်နဝါရီလ၊ အင်းရေတင်စနစ်ဖြင့် ဖေဖော်ဝါရီလ၊ ဆိုလာဖြင့် ရေတင်သည့်စနစ်နှင့် စိုက်ပျိုးသည့် နွေစပါး ကွင်းများမှာ နိုဝင်ဘာလမှစတင်စိုက်ပျိုးခဲ့ပြီး စုစုပေါင်းစိုက်ပျိုးရန် လျာထားဧက ၅၇၂၇ ထက် ကျော်လွန်စိုက်ပျိုးခဲ့တာဖြစ်ကြောင်း၊ နယူးဧရာ-၁၂၊ GW-11၊ ရတနာတိုး၊ ထိုင်းနှံကောက်၊ ရက်၉၀ စသည့်မျိုးကောင်းမျိုးသန့်များကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီများထံမှ တောင်သူများက အလျှင်းသင့်သလိုဝယ်ယူ စိုက်ပျိုးခဲ့ကြောင်း၊ GW-11 စပါးမျိုးကို (၂၁၃၀)ဧက အထိစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးစရိတ် သက်သာစေရန်နှင့် လုပ်သားအင်အားရှားပါးမှုတို့ကြောင့် သဏ္ဌာန်ကြဲခင်းစနစ်၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း စနစ်နှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းစနစ်တို့ဖြင့် စိုက်ပျိုးခဲ့ကြောင်းနှင့် အုတ်ဖိုမြို့နယ်တွင် ယခင်နှစ်က နွေစပါးတစ်ဧကလျှင် အနည်းဆုံး တင်း(၁၀၀)၊ အများဆုံး တင်း(၁၄၀)အထိ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)