ပခုက္ကူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသည့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား ကွင်းဆင်းထိုးနှံပေး

ပခုက္ကူ မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရ သေးသည့် မြို့ပေါ်ရပ်ကွက်နေပြည်သူများအား  ကျန်းမာရေးဝန်ထမ်းနှင့် လူမှုအသင်းအဖွဲ့များစု ပေါင်းပြီး မတ်လ ၉ရက်နေ့မှစတင်ပြီး ကွင်းဆင်းထိုးနှံပေးကြကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။

အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ကြစေရန်အတွက်  ပခုက္ကူ မြို့ပေါ်ရပ်ကွက်များအတွင်း အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး(အရှေ့ဘက်)၊ ကြက်ခြေနီ အသင်းရုံး၊ ရွှေသိမ်တော်ဓမ္မရိပ်သာ၊ အမှတ်(၈)ရွှေကူဓမ္မာရုံ၊ အမှတ်(၁၂) လှည်းတန်းဓမ္မာရုံ၊ အဝေးပြေးကားကြီးကွင်း၊ အမှတ်(၉၈) အခြေခံပညာ မူလတန်းကျောင်းတို့တွင် ဆေးထိုးစု ရပ်များ ဖွဲ့စည်းပေးထားကြောင်း၊ ထိုဆေးထိုးစုရပ်(၇)နေရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်း များနှင့် လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ၁၂နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးရသေးသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများ၊  မသန်စွမ်းသူများ၊ အသက် ၁၂ နှစ်အထက်ကျောင်းသား ကျောင်းသူများကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) အခမဲ့ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး လူတစ်ဦးနှင့်တစ်ဦးအကြား ခြောက်ပေအကွာအဝေး သတ်မှတ်ပြီး စနစ်တကျနေရာယူစေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များကို ဆေးကြောစေခြင်း၊ စနစ်တကျမှတ်ပုံတင် ဖြည့်သွင်း ပေးခြင်းများ ဆောင်ရွက်ကြကြောင်း၊ ပခုက္ကူမြို့နယ်တွင် ၁၈ နှစ်ပြည့် ဆေးထိုးနှံရမည့်သူဦးရေ ၂၃၈၀၀၀ ကျော်ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁၄၈၀၀၀ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောကြားခဲ့သည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ဆေးထိုးအုပ်စု (၁၄) ဖွဲ့ဖြင့် မတ်လ ၁၀ ရက်မှ ၃၁ ရက်နေ့အထိ  ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)