ပေါင်းတည် မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့နည်း ပပျောက်စေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကြူတောကန်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဆေးထိုးစုရပ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရာတွင် အသက်(၁၈)နှစ်အထက်ပြည်သူ(၁၁)ဦးအား ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinovac) အမျိုးအစားကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် အလားတူ သစ်ပုတ်ကျေးရွာအုပ်စုနှင့် ကြာနီကန်ကျေးရွာအုပ်စုတို့တွင်လည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် ကာကွယ်ဆေးများကို သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)