ကံမမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ကျေးရွာများအရောက် ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေး

ကံမ  မတ်  ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား မတ် ၈ ရက်နေ့က စတင်ပြီး ကျန်းမာရေး ဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အဖွဲ့(၆)ဖွဲ့ခွဲပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများနှင့် သက်ကြီးဘိုးဘွားများအား ကျေးရွာများအရောက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိပြီး   ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် ကံမမြို့နယ် အတွင်း အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လူဦးရေများအား ရာခိုင်နှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေးအတွက်  မိုဘိုင်းစနစ်ဖြင့် ကျေးရွာများ အရောက် ကွင်းဆင်းထိုးနှံပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)