ဖရူဆို သြဂုတ် ၂၉
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကို က အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ ဘိုးဘွားများအတွက် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီး ဘိုးဘွားများ၏ အခွင့်အရေး အပြည့် အဝရရှိခံစားနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိရာ ဖရူဆိုမြို့နယ်အတွင်း လူမှုရေးပင်စင်ခံစားနေသာ အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား နိုင်ငံတော်မှ တစ်လလျင် ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ငွေပေးအပ် သွားမည်ဖြစ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးငယ် များအား တစ်လလျင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကို နှင့် တာဝန်ရှိသူများက ဖရူဆိုမြို့နယ် အတွင်းရှိ လူမှုရေးပင်စင်ခံစားနေသော အသက် (၈၅) နှစ်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များ နှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
ဖရူဆိုမြို့နယ်တွင် လူမှုရေးပင်စင်ခံစားနေသော အသက် (၈၅) နှစ်အထက် ဘိုးဘွား (၆၅)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၉၅၀၀၀၀) နှင့် တတိယသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင် (၈၀၄) ဦး၊ ကလေး (၆၇၂) ဦး စုစုပေါင်း (၁၄၇၆) ဦး၊ ထောက်ပံ့ငွေကျပ် (၆၆.၁၆)သန်း နှင့် စတုတ္ထသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင် (၇၃၄) ဦး၊ ကလေး (၈၄၁) ဦး စုစုပေါင်း (၁၅၇၅) ဦး၊ ထောက်ပံ့ငွေကျပ် (၇၀.၈၇)သန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင် နှင့် ဦးခင်မောင်ထွန်း၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာင်မြင့်ထွန်း နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထောက်ပံငွေလက်ခံရရှိမည့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂) နှစ်အောက် ကလေငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)