ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံမှ နွေစပါးစိုက်တောင်သူများ၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိ

ပေါက်ခေါင်း မတ် ၁၀

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံမှ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၈)အုပ်စုရှိ ဒေသခံတောင်သူများ၏ နွေစပါးသီးနှံစိုက်ပျိုးရန် လယ်ယာမြေဧက (၁၀၀၀၀)ကျော်အတွက် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့စတင်၍ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိပြီး၊ နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်အောင် အထောက်အကူပြုလျက်ရှိသည်။

ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် မြိုနယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေကို အချိန်မီဖြန့်ဝေဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် လက်ရှိဖြန့်ဝေပေးလျက်ရှိသည့် ဆည်မြောင်း၏ ၁၅ ပေအထက်မှာရှိသည့် လယ်ယာမြေများရေရရှိရေးအတွက် ဆိုလာ ၇၂ ချပ်၊ (၅)လက်မ ရေတင်ပန့် ၂ လုံးဖြင့်ဆည်‌မြောင်းကြီးမှ‌ရေများကို စုပ်ယူ၍ ရေတင်ပေးခြင်းကို ယခုနှစ်နွေစပါးရာသီမှာ စတင်ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် တောင်နဝင်းရေ လှောင်တမံဆည်ရေဖြင့် နွေစပါး ဧက(၁၀၇၆၃)ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီကုန်အထိ နွေစပါးဧက (၇၃၂၉ )ဧကစိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

"  ခုနှစ်တော့ နွေစပါး ရတနာတိုးမျိုးစပါးကို စိုက်ပျိုးထားတယ် နွေစပါးနဲ့မိုးစပါးမှာ နွေစပါးကို ပိုပြီးတော့အားထားတယ်အထွက်နှုန်းက မိုးစပါထက်ပိုကောင်းတယ်၊ စိုက်ပျိုးစရိတ်ကတော့ နွေနဲ့မိုးကတော့ အတူတူလောက်ပါပဲနွေစပါးက ရေမပြတ်လပ်ဘူးဆိုရင် အပင်အားကောင်းပြီး အထွက်နှုန်းပါကောင်းပါတယ်၊ ပြီးခဲ့တဲ့နှစ်က နွေစပါး တင်း ၁၀၀ ကို ကျပ်ခြောက်သိန်းနီးပါးထိ ဈေးရရှိတယ်၊ ခုနှစ် စိုက်ပျိုးရေးဦးစီးဌာနက နွေစပါးအတွက်ဧက အလိုက်မြေဩဇာထောက်ပံ့တာတွေရှိတယ် " ဟု ချောင်းကောင်းကျေးရွာမှနွေစပါး(၁၅)ဧကစိုက်ပျိုးထားသည့် တောင်သူဦးအောင်ချိုမှ ပြောကြားသည်။

သန်းထွန်းအောင်(ပြန်/ဆက်)