ပုသိမ် မတ် ၁၀
အလုပ်သမားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင် လေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) တွင် အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ငြိမ်းမှ သင်တန်း တက်ရောက်ကြသူများအား အမှာစကား ပြောကြားရာတွင် သင်တန်းတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်အတိုင်း mask တပ်ခြင်းများနှင့် သင်တန်း ဆရာများမှ သင်ကြားပြသပေးသော သင်ခန်းစာများကို လေ့လာသင်ကြားကာ မိမိတို့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် အပတ်တကုတ် ကြိုးစား သင်ယူကြစေလိုကြောင်း၊ သင်တန်း ဖွင့်လှစ်သင်ကြားမှု အပိုင်းမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာများကို ခေါ်ယူသင်ကြား ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းသုံးပစ္စည်းများနှင့် အခမဲ့သင်တန်း ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် သင်တန်း တက်ရောက်သူများအနေဖြင့် နားလည်တတ်ကျွမ်းအောင် အလေးထား သင်ယူကြစေလိုကြောင်း၊ သင်တန်းကြီး ပြီးဆုံးသွားပါက မိမိတို့နေအိမ်များဖြင့် ဝန်းကျင်ရှိ နေအိမ်များမှ အသိ မိတ်ဆွေများကိုပါ လျှပ်စစ်ဓာတ်ကြောင့် သေဆုံးခြင်းများ ရှိသည့်အတွက် နားလည်အောင် ရှင်းလင်းပြောပြကြစေလိုကြောင်း၊ သက်ဆိုင်သည့် ဌာနများတွင်လဲ အလုပ်ဝင် ရောက်ကာ မိမိတို့ မိသားစုဘဝများ အဆင်ပြေစေရန်အတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။ သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးမှ သင်တန်းတွင် စည်းကမ်းသတ်မှတ်ချက်များ ချမှတ်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရေးနှင့် သင်တန်းကို ပျက်ရက်မရှိ တက်ရောက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသားများနှင့် အခမ်းအနား တက်ရောက်လာကြသူများ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ သင်တန်းသို့ သင်တန်းသား ၁၈ဦး တက်ရောက်ကာ သင်တန်း ကာလမှာ ၂၁ ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဟန်