နတ်တလင်း မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် တက္ကသိုလ် ခင်မောင်ဇော်၏ "လူသားဝန်းကျင်မှ အန္တရာယ်အသွယ်သွယ်" စာအုပ်ဖြင့်စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ စုစည်း၍ Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့် က စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာအုပ်စာပေမှ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာအုပ်ပါ အကြောင်းအရာများကို အသီးသီးဖတ်ကြ၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့် ပြည်သူများဗဟုသုတတိုးပွားရရှိပြီး စာပေတန်ဖိုးကို သိရှိနားလည်စေမှာဖြစ်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများသည် အသိပညာဗဟုသုတများရရှိပြီး ဆောင်ရန်၊ ရှောင်ရန်များကို နားလည်သဘောပေါက်မှာဖြစ်ကြောင်း စာပေချစ်မြတ်နိုးသူ တစ်ဦးထံမှသိရပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ရသ စာစောင်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များအား အခမဲ့ငှားရမ်းဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)