ကြို့ပင်ကောက် မတ် ၁၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင်မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U23 အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် လူငယ်များအားကစားစိတ်ဓါတ်၊ အသင်းအဖွဲ့စိတ်ဓါတ် မွေးမြူနိုင်ရေး၊ မြို့နယ်လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U23 အမျိုးသားဘောလုံး ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အသင်း ၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မတ်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရွာမမြောက် ရပ်ကွက်အသင်းမှ(၅)ဂိုးနှင့် ပန်းတင်ရပ်ကွက်အသင်းမှ ဂိုးမရရှိ ၍ ရွာမမြောက်ရပ်ကွက်အသင်းမှ အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသောအားကစားသမားများနှင့် အသင်းခေါင်းဆောင်များကို ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U23 အမျိုးသား ဘောလုံးပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကစားကြသော အားကစားသမားလူငယ်များအတွင်းမှ မြို့နယ် လက်ရွေးစင်အားကစားသမား ၂၅ ဦးရွေးချယ်ခဲ့ကြောင်း မြို့နယ်အားကစားမှူး ဦးမြင့်နိုင်ထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)