သံတောင်ကြီး မတ်လ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် နောင်၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် ဆောင်ရွက်မည့် အစီအစဉ်များ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် နည်းပညာကျွမ်းကျင်ဝန်ထမ်းများ တွဲဖက်စေလွှတ်ပေးရန်နှင့် အခြားလိုအပ်သည်များအား ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးစောတီမသေက မဲဆန္ဒရှင် စာရင်းမှန်ကန်စေရေးအတွက် ကနေဦးလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်မည့် နေရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်သည်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊မြိုနယ်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ