ဖောင်းပြင် မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာတွင် သီးထပ်စနစ်အနေဖြင့် မိုးစပါး ရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလ၌ နေကြာကိုစိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
ထိုသို့အောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပတ်သက်၍ “ ယခုလိုသီးထပ်စနစ်နဲ့ စိုက်လာတာ ဆယ်စုနှစ် လောက်ရှိလာပါပြီ။ နေကြာမျိုးကတော့ စိုက်ပျိုးရေးရုံးက မှာယူစိုက်ခဲ့တာပါ ဒေသအခေါ်ကတော့ ဆီနေကြာလို့ ခေါ်ပါတယ်။ မိုးစပါးရိတ်ပြီးချိန် ဒီဇင်ဘာလထဲကစိုက်ခဲ့တာ ယခုဆို သက်တမ်းသုံးလ ဝန်းကျင်ရှိပါပြီ။ ဧပြီလထဲမှာ ရိတ်သိမ်းရမှာဖြစ်ပါတယ်။ စပါးစိုက်ပြီးလို့ သီးထပ်ပြန်စိုက်တာဆိုတော့ စပါး လည်းရ ဆီလည်းရ မိသားစုစားသုံးဖို့ ဖူလုံပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရင်တော့ ဝင်ငွေပိုရ နိုင်လို့ တောင်သူအများစုစိုက်ပျိုးသင့်ပါတယ်” ဟု တောင်သူဦးလှတိုးက ပြောပြသည်။
ယခုလိုစိုက်ပျိုးရာမှာ ထယ်ရေးနှစ်စပ်၊ ထွန်ရေးနှစ်စပ်ထွန်ယက်ကာ ပက်ကြဲစိုက်ပျိုးထားကြောင်း၊ နေကြာမျိုး ၈ ပြည်ကို ၂ဧက စိုက်ထားရှိကြောင်း ၎င်းထံမှ သိရသည်။
တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးကြရာတွင် အထွက်နှုန်းကောင်းမွန်စေရေး၊ သီးနှံအ ရည်အသွေးပြည့် မီစေရေးအတွက် မျိုးကောင်းမျိုးသန့် မျိုးများကို စိုက်ပျိုးရေး သုတေသန ဦးစီးဌာနများမှ ထုတ်လုပ်ပြီး ဖြန့်ဖြူးပေးလျက်ရှိကြောင်း နေကြာကိုစိုက်ပျိုးရာတွင် အပင်ခြားကိုးလက်မ၊ အတန်းခြား ၂ပေအတိုင်းအတာဖြင့် စိုက်ပျိုးနိုင်ကြောင်း ဖောင်းပြင်မြို့နယ်မှ တောင်သူအများစုသည် ရေဆင်း(၁) နေကြာမျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးကာလမှာ မေလ၊ ဇွန်လ၊ စက်တင်ဘာလ၊ အောက် တိုဘာလတို့တွင် စိုက်ပျိုးနိုင်ကြပြီး ဒေသန္တရမြေခံ ရေခံကို ကြည့်၍ ရာသီမရွေးစိုက်ပျိုးနိုင်ကြကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)