ဇီးကုန်းမြို့နယ်တွင် ဆီထွက်သီးနှံနေကြာစိုက်ပျိုးဧက(၁၀၅၂)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ဇီးကုန်း မတ် ၁၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆီထွက်သီးနှံနေကြာကို ဧကပေါင်း(၁၀၅၂) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီစဉ်လမ်းညွှန်မှုဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ (၁၃၁.၅)တင်းအား တောင်သူများထံ(အခမဲ့) ဖြန့်ဝေပေးခဲရာ မြို့နယ်အတွင်း နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစား များတွင် တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး၊ တောင်သူ(၂၇၈)ဦးတွင် နေကြာသီးသန့်စိုက်ဧက(၂၄)ဧက၊ ပဲစိုက် ခင်းများအတွင်း သီးညှပ်စိုက်ပျိုးဧက(၁၀၂၈)ဧက၊ စုစုပေါင်း(၁၀၅၂)ဧကကို စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်ခဲ့ကြောင်းနှင့် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် အခြားဆီထွက်သီးနှံဖြစ်သော မြေပဲ(၁၃)ဧက၊ နှမ်း(၅)ဧကတို့ကိုလည်း စိုက်ပျိုး ထားရှိကြောင်း၊ နောက်နှစ်များတွင် ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခင်နှစ်ဆီဖူလုံမှု အတိုင်းအတာ(၄.၄၀)ရာခိုင်နှုန်းမှ ယခုနှစ်တွင် (၁၄.၅၇)ရာခိုင်နှုန်းရှိလာကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးလှမိုးထံမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)