တောင်ငူ မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း အစားအစာလုံလောက်မှုရရှိစေရေး၊ အစားအစာ ဘေးကင်းလုံခြုံစေရေးနှင့် ရေရှည်တည်တံ့သော ကျေးလက်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကာ ယမန်နေ့ နံနက်ပိုင်းက “ ကောင်းမွန် သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် ” (GAPH) သင်တန်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှကြီးမှူး၍ အဆိုပါ ရုံးတွင်း ခန်းမအတွင်း၌ ကျင်းပသည်။
သင်တန်းတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေစိုးက အရည်အသွေး ကောင်းမွန်သော တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများရရှိစေရေး၊ စားသုံးသူ ဘေးကင်းလုံခြုံစေရေး၊ မွေးမြူရေးခြံမှ တိရစ္ဆာန်များ သာယာဝပြောရေး၊ အလုပ်သမားများ လုပ်ငန်းခွင်တွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းပြီး ရေရှည်တည်တံ့သော မွေးမြူရေးထုတ်ကုန် ထုတ်လုပ်မှုရရှိစေရေးတို့ကို အခြေခံကာကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များကို ကျင့်သုံးမွေးမြူဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမြင့်က စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအတွက် နည်းစနစ်များ မှန်ကန်စွာဖြင့် အသုံးပြုတတ်စေရန် (GAP) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ တောင်ငူခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၈) ဦးတက်ရောက်ကြပြီး မတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ် သင်ကြားမည်ဖြစ် သည်။ ထို့ပြင် မတ်လ ၁၅ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိ တည်ကျန်းဖွံ့ဥပဒေ (AHD/PC) ပုံစံဖြည့်ခြင်းဆိုင်ရာ သင်တန်းနှင့် မတ်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ တိရစ္ဆာန်အစာမြက်ချဉ်ဖတ် ပြုလုပ်နည်းသင်တန်းအား ဆက်လက် ဖွင့်လှစ်မည်ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်